အစာအိမ်အကြောင်း တစေ့တစောင်း
နေ့စဥ်နေ့တိုင်း များရင်များသလို ၊ နည်းရင်နည်းသလို မိတ်ဆွေတို့ စားသောက်နေတဲ့ အစားအသောက်တွေ ခန္ဓာကိုယ်ထဲမှာ လှည့်လည်သွားလာပြီး ဘာတွေ ဖြစ်ပျက်သွားတယ် ဆိုတာဟာ အရမ်းစိတ်ဝင်စားဖို့ ကောင်းမှန်းသိအောင် ပြောပြပေးသွားမှာပါ။
ဒွာရ အပေါက်တွေထဲမှာ အပါအဝင်ဖြစ်တဲ့ ပါးစပ်ပေါက်မှသည် စအိုအဆုံး လမ်းကြောင်းကို အစာခြေဖျက်မှုစနစ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းလို့ ခေါ်ပါတယ်။ ဒီနေ့မှာတော့ အင်္ဂလိပ်အက္ခရာ "J" လိုမျိုး ပုံသဏ္ဍန်ရှိတဲ့ အစာအိမ်အကြောင်း တစေ့တစောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
အစာအိမ်မရောက်ခင် အစာခြေလမ်းကြောင်းမှာ အစာတွေက ဘာတွေ ဖြတ်ကျော်ခဲ့ရတယ် ဆိုတာကလဲ ချန်လှပ်ထားခဲ့လို့ မရတာမို့ အနည်းငယ် ပြောပြချင်ပါတယ်။ ပါးစပ်ပေါက်ကနေ အစာတွေကို ဝါးပြီးမြိုချလိုက်တဲ့အခါ အစာရေမျိုပြွန်ထဲကို ရောက်ရှိသွားပါတယ်။ အဲ့ဒီအစာတွေ အသက်ရှူလမ်းကြောင်းထဲ မှားဝင်သွားရင် အစာသီးတာ ဖြစ်နိုင်တာကြောင့် Epilglottis လို့ခေါ်တဲ့ အမြှေးပါးလေးက အသက်ရှူလမ်းကြောင်းကို အစာတွေဖြတ်သန်းချိန် ယာယီပိတ်ပေးထားပါတယ်။
အစာအိမ် ဆိုတာ
- အစာအိမ်က ဘယ်မှာရှိတာလဲ?
ခန္ဓာကိုယ်ရဲ့ ရင်ညွန့်အောက်နားမှာရှိပြီး ဘယ်ဘက်ခြမ်း ပိုရောက်ပါတယ်။ အစာအိမ်ရဲ့ထိပ်ပိုင်းက အစာရေမျိုပြွန်ရဲ့ အောက်ပိုင်း valve လိုမျိုး အဖွင့်အပိတ်လုပ်လို့ရတဲ့ ကြွက်သားနဲ့ တွယ်ဆက်ထားပြီးတော့ အစာအိမ်ရဲ့ အဆုံးမှာတော့ အူသိမ်နဲ့တစ်ဖန် ဆက်သွယ်ထားပြန်ပါတယ်။
- အစာအိမ်ရဲ့ အရွယ်အစားကကော?
အစာအိမ်ဟာ စားရင်စားသလို အလွယ်တစ်ကူ ကျုံ့နိုင်ဆန့်နိုင်တဲ့ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ အရွယ်အစားကတော့ အတိအကျ ခန့်မှန်းလို့မရပါဘူး။
- အစာအိမ်ရဲ့ လုပ်ငန်းဆောင်တာတွေက ဘာလဲ?
အစာအိမ်ရဲ့ အဓိက လုပ်ငန်းဆောင်တာ (၃) ခုကတော့....
(၁) ဝင်ရောက်လာတဲ့ အစာတွေကို ယာယီသိုလှောင်ထားခြင်း ၊
(၂) အစာခြေဖျက်ဖို့အတွက် လိုအပ်သော အစာခြေအင်ဇိုင်းနဲ့ အက်ဆစ်များ ထုတ်ပေးခြင်း ၊
(၃) အစာတွေရောနှောပြီး ခြေဖျက်လွယ်အောင် ကျုံ့လိုက်ဆန့်လိုက်လုပ်ခြင်း တို့ဖြစ်ပါတယ်။
ဘယ်လိုရောဂါတွေရှိရင် အစာအိမ်အပေါ် သက်ရောက်မှု ရှိမလဲ?
အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါတွေကတော့ အစာအိမ်ရောင်တာ၊ အစာအိမ်မှာ အနာတွေဖြစ်တာ (ကင်ဆာအန္တရာယ်ရှိ) ၊ အစာအိမ်နဲ့ အူသိမ်ပထမပိုင်းအဆက်မှာ ဖြစ်တဲ့ အနာ၊ ချောင်းဆိုးပြီး ရင်ပူတာ ခံစားရတဲ့ အစာအိမ်ထဲက အက်ဆစ်တွေ အစာရေမျိုပြွန်ထဲ ပြန်လျှံတက်တဲ့ ရောဂါ၊ အစာအိမ်ကို ကျုံ့နိုင်ဆန့်နိုင်တာ လုပ်နိုင်အောင် လှုံ့ဆော်ပေးတဲ့ အာရုံကြောနာဗ် ထိခိုက်သွားလို့ အစာအိမ်ကကြွက်သားတွေ မလှုပ်တော့တာ၊ အစာမကြေ လေချဥ်တွေတက်တဲ့ ရောဂါ နဲ့ အစာအိမ်ကင်ဆာတို့ပဲ ဖြစ်ပါတယ်။
အစာအိမ်ကို ဘယ်လို ကျန်းမာအောင် ထားရမလဲ ဆိုတာကိုတော့ နောက်ပိုင်း ဆောင်းပါးတွေမှာ ထည့်သွင်းဖော်ပြပေးသွားမှာ ဖြစ်ပါလို့ စောင့်မျှော်ဖတ်ရှုပေးဖို့လဲ တိုက်တွန်းလိုက်ရပါတယ်။
အစာအိမ်နဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။